Monkeypox
အမေး၊ အဖြေများ (Questions and answers)
ရောဂါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူပါ။ သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကို အသိပေးပါ။
လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ လတ်တလောကာလတွင် ရောဂါဖြစ်ပွားမှုများသော တိုင်းပြည်များ၏ သတင်းပို့လူနာများအနက် (၃-၆) ရာခိုင်နှုန်းအထိ သေဆုံးနေပြီး ရောဂါအခံရှိသူများနှင့် ကလေးငယ်များ သေဆုံးခြင်းကို မကြာခဏတွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားမှုများသည့်တိုင်းပြည်များ၏ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်သည် လိုအပ်ချက် အကန့်အသတ်ရှိသည့်အတွက် ယခုဖြစ်ပွားနှုန်းများသည် ပိုမိုတွက်ချက်ခန့်မှန်းထားခြင်းလည်း ဖြစ်နိုင်သည်ကို သတိပြုထားသင့်ပါသည်။
မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့် လူတစ်ဦးသည် ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်ပါသည်။ ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေပါသည်။ ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော ဗိုင်းရပ်စ်ကပ်ညိနေသည့် အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။
ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေပါသည်။ ဆိုလိုသည်မှာ ရောဂါပိုးသည် တံတွေးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့ လေ့ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ အတူနေမိသားစုဝင်များနှင့် ၎င်း၏ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။
ရောဂါလက္ခဏာ ပြသခြင်းမရှိသည့်သူများမှ ကူးစက်စေခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။
မည်သူမဆို မျောက်ကျောက်ရောဂါ လက္ခဏာများခံစားနေရသည့် လူများနှင့် အနီးကပ်ကိုင်တွယ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းရှိသူများသည် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်ပါသည်။ ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်ပါသည်။ ကျောက်ကြီးရောဂါပပျောက်သွားသည့် (၁၉၈၀) ခုနှစ် နောက်ပိုင်းတွင် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းသည် ရပ်နားထားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများသည် ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိမနေပါ။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသောကြောင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမှ အကာအကွယ်အချို့ရရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကူးစက်ခံရမှုမရှိအောင် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ပါသည်။
မွေးကင်းစကလေးများ၊ ကလေးသူငယ်များနှင့် ခုခံအားကျဆင်းနေသူများတွင် မျောက်ကျောက်ရောဂါကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများခံစားရနိုင်ပြီး သေဆုံးနိုင်ချေပိုများပါသည်။ ကျန်းမာရေးဝန်ထမ်းများသည်လည်း ရောဂါပိုးနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နိုင်သည့်အတွက်ကြောင့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုမို မြင့်မားပါသည်။
သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။
အကယ်၍ သင်ကိုယ်တိုင်သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အတူနေမိသားစုဝင်ဖြစ်ပြီး မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင် ရောဂါဖြစ်ပွားနေသူကို သီးခြား နေထိုင်စေခြင်းနှင့် ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း (ဥပမာ- အဖုအပိန့်များကို ဖုံးသော အဝတ်အစားများ ဝတ်ဆင်ခြင်း) တို့ကို လုပ်ဆောင်ရန် အားပေးပါ။ ချောင်းဆိုးနေသော သို့မဟုတ် ပါးစပ်တွင် အနာရှိသော လူနာများနှင့် နီးကပ်စွာရှိနေပါက ၎င်းတို့ကို ဆေးရုံသုံးနှာခေါင်းစည်း (Mask) တပ်ဆင်ထားစေပါ။ သင်ကိုယ်တိုင်လည်း နှာခေါင်းစည်း တပ်ဆင်ထားပါ။ သင့်အနေဖြင့် ဖြစ်နိုင်ပါက အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး အကယ်၍ အရေပြားအဖုအပိန့်များကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင်လည်း တစ်ခါသုံး လက်အိတ်များကို အသုံးပြုပြီး ကိုင်တွယ်ပါ။ လူနာများကိုယ်တိုင် အဝတ်အစားဝတ်ခြင်း သို့မဟုတ် အိပ်ယာခင်းခြင်း၊ ပြင်ဆင်ခြင်းတို့ကို မလုပ်ဆောင်နိုင်၍ မိမိက ကိုင်တွယ်ပေးရမည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။
ရောဂါဖြစ်ပွားနေသူမှတစ်ဆင့် ရောဂါပိုးများကပ်ညှိနေနိုင်သည့် အဝတ်အစားများ၊ အိပ်ယာခင်းများ မျက်နှာသုတ်ပုဝါများနှင့် ၎င်းတို့ထိတွေ့ခဲ့သော အရာဝတ္ထုများ သို့မဟုတ် ၎င်းတို့၏ အရေပြား အဖုအပိန့်များ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန်များနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော အရာများ (ဥပမာ- စားသောက်ခန်းသုံးပစ္စည်းများ၊ ပန်းကန်များ)ကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောပါ။ လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်ပါ။ ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားပါ။ ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကိုလည်း စနစ်တကျ စွန့်ပစ်ပါ။
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၎င်းကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသူများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်မှု တချို့ရနိုင်ပါသည်။ မူလပထမ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် ယခုအချိန်တွင် ပြည်သူများအား ထိုးနှံနိုင်မှုမရှိတော့သလို၊ ကမ္ဘာပေါ်တွင် ပထမဆုံးပပျောက်သွားသည့် ရောဂါဖြစ်သည့်အလျောက်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်နောက်ပိုင်း အချိန်မှစ၍ ရပ်နားလိုက်သည့်အတွက်၊ အသက် (၄၀-၅၀) နှစ်အောက် လူများတွင်လည်း ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ခြင်းမရှိပါ။ ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်ပါသည်။
၁၉၇၀ ခုနှစ်မှစ၍ ဖော်ပြပါ အာဖရိကနိုင်ငံ (၁၁) နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရှိသည်ကို အချက်အလက်များအရ သိရှိခဲ့ပါသည်။ ၎င်းတို့မှာ (ဘီနင်၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂါဘွန်၊ ကော့ဒီအိုင်ဗွိုင်ယာ၊ လိုက်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီရာရာလီယွန် နှင့် တောင်ဆူဒန်) တို့ဖြစ်သည်။
မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံများတွင်လည်း ရံဖန်ရံခါ ၎င်းရောဂါဖြစ်ပွားလေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ ၎င်းတို့သည် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံများသို့ ခရီးသွားရောက်ခဲ့ခြင်းရှိသည်ကို ပုံမှန်အားဖြင့်တွေ့ရလေ့ရှိသည်။ ယခင်ကဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက်ရောဂါဖြစ်ပွားမှုတစ်ခုမှာ ပြည်ပမှတင်သွင်းလာသော နို့တိုက်သတ္တဝါငယ်များမှတစ်ဆင့် ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် မေလမှစ၍ ရောဂါဖြစ်ပွားမှုနည်းသည့် နိုင်ငံအများအပြားတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများလာသည်ကို တွေ့ရှိခဲ့ပါသည်။ ယခုဖြစ်ပွားမှုသည် မျောက်ကျောက်ရောဂါ၏ ယခင်ဖြစ်ပွားလေ့ရှိသည့်ပုံစံနှင့် မတူသည်ကိုတွေ့ရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါဖြစ်ပွားနေသည့် နိုင်ငံများနှင့်ပူးပေါင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန်နှင့် ရောဂါပိုးရှိသူအား မည်ကဲ့သို့ ပြုစုစောင့်ရှောက်ရမည့် လမ်းညွှန်ချက်များကို ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။
ယခင်က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံ အများအပြားသည် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ ရောဂါဖြစ်ပွားမှုများကို စတင်သတင်းပေးပို့ခဲ့သည်။ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့အထိ ရောဂါဖြစ်ပွားမှုနည်းသည့် (၁၀) နိုင်ငံနှင့်အထက်သည် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေမှုအား ဆက်လက် သတင်းပေးပို့ခဲ့ပါသည်။ ထပ်မံဖြစ်ပွားသူများကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိပါသည်။ နောက်ဆုံးရသတင်း အချက်အလက်များအတွက် ကျေးဇူးပြု၍ ဤနေရာတွင် here လေ့လာနိုင်ပါသည်။
ယခင်က မျောက်ကျောက်ရောဂါဖြစ်ပွားမှုနည်းသည့်နိုင်ငံများတွင် ၎င်းရောဂါ ကူးစက်ခံရသူများသည် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံများသို့ ခရီးသွားထားသည့် ရာဇဝင်နှင့် အမြဲလိုလို ဆက်စပ်မှုရှိပါသည်။ လက်ရှိအချိန် ၂၀၂၂ ခုနှစ်တွင် ရောဂါကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံသို့ ခရီးသွားလာခြင်းတို့မှာ သိသာရှင်းလင်းသော ဆက်စပ်မှုမရှိသကဲ့သို့ ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့်လည်း ဆက်စပ်မှုမရှိပါ။
ဤရောဂါဖြစ်ပွားမှုကြောင့် လူအများ (အထူးသဖြင့် မိမိတို့၏ ချစ်ခင်ရသူများထဲတွင် ရောဂါခံစားနေရသူတို့) သည် စိုးရိမ်မကင်းဖြစ်ပေါ်နေကြသည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ ယခုအချိန်တွင် အရေးကြီးဆုံး လုပ်ဆောင်ရမည့်အချက်မှာ ကူးစက်နိုင်ခြေ အများဆုံးရှိသူများအား မျောက်ကျောက်ရောဂါအကြောင်းကို ပိုမိုသိရှိလာစေရန် အသိပညာပေးခြင်းနှင့် လူများကြားတွင် နောက်ထပ် ပြန့်ပွားမှုအား မည်သို့လျော့ချရမည်ကို အကြံဉာဏ်များ ပေးရန်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ လူနာသစ်များကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းသည် အရေးကြီးပါသည်။ ဤမျောက်ကျောက်ရောဂါကြောင့် ထိခိုက်နစ်နာသူ မည်သူကိုမျှ နှိမ့်ချဆက်ဆံ၊ ကဲ့ရဲ့ပြစ်တင်ခြင်း မပြုရန် မဖြစ်မနေ အရေးကြီးပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မျောက်ကျောက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ပံ့ပိုးကူညီရန် လုပ်ဆောင်လျက်ရှိသည်။
မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုအပါအဝင် လူတစ်ဦးမှတစ်ဦး အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ကူးစက်နိုင်ပါသည်။ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုလမ်းကြောင်း (သုတ်ရည် သို့မဟုတ် မိန်းမကိုယ်အရည်) မှတစ်ဆင့် ကူးစက်နိုင်ခြင်း ရှိ/မရှိ ဆိုသည်ကို လတ်တလောအချိန်တွင် မသိနိုင်သေးသော်လည်း လိင်ဆက်ဆံစဉ်အတွင်း ခန္ဓာကိုယ်ရှိအနာနှင့် အရေပြားကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကို ကူးစက်စေနိုင်ပါသည်။
မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပေါ်သော အနီကွက်များသည် လိင်အင်္ဂါနှင့် ပါးစပ်တို့တွင် တစ်ခါတစ်ရံ တွေ့ရတတ်ပြီး ၎င်းမှတစ်ဆင့် လိင်ဆက်ဆံစဉ်အတွင်း ကူးစက်စေသည်ဟု ယူဆရသည်။ ထို့ကြောင့် ပါးစပ် သို့မဟုတ် အရေပြားအနာများရှိသောနေရာတွင် ပါးစပ်နှင့်အရေပြားထိတွေ့မှုသည် ရောဂါကို ကူးစက်ပျံ့ပွား စေပါသည်။
မျောက်ကျောက်အဖုအပိန့်များသည် ရေယုန်၊ ဆစ်ဖလစ်အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါအချို့နှင့် ဆင်တူနိုင်သည်။ ထို့ကြောင့် လတ်တလောဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ဝေဒနာရှင် အတော်များများကို လိင်မှုဆိုင်ရာကျန်းမာရေးဆေးခန်းများတွင် ကုသမှုလာရောက်ခံယူသော အမျိုးသားများကြားတွင် တွေ့ရှိနေရခြင်းဖြစ်သည်။
လိင်မှုပိုင်းဆိုင်ရာတက်ကြွသူများ သို့မဟုတ် လိင်တူချင်းဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သော အခြေအနေရှိသည် မဟုတ်ပါ။ မည်သူမဆို ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံမိသူတိုင်း ရောဂါဖြစ်နိုင်ခြေရှိပါသည်။ မျောက်ကျောက်ရောဂါ လက္ခဏာခံစားရသော မည်သူမဆို ကျန်းမာရေးဝန်ထမ်းများထံတွင် အလျင်အမြန် အကြံဉာဏ်ရယူပါ။
မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ အနီးကပ် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ လိင်မှုပိုင်းဆိုင်ရာ တက်ကြွနေသူများ သို့မဟုတ် လိင်တူဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပေါနိုင်ခြေရှိသည် မဟုတ်ပါ။ ရောဂါပိုးရှိသူနှင့်ထိတွေ့မိသူတိုင်း ရောဂါဖြစ် ပွားနိုင်သော အန္တရာယ်ရှိပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်နိုင်ချေရှိသော ရောဂါလက္ခဏာရှိသူတိုင်း ကျန်းမာရေးဝန်ထမ်းများထံမှ ချက်ချင်း အကြံဉာဏ်ရယူသင့်ပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားသောရပ်ရွာနှင့်အဆက်အစပ်ရှိသော လူများအနေဖြင့်လည်း အလားတူပင် ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ရယူသင့်ပါသည်။
ရောဂါဖြစ်ပွားမှု များပြားခြင်းမရှိသော နိုင်ငံများတွင် ရောဂါခံစားရသူအမြောက်အမြားသည် လိင်တူဆက်ဆံသော အမျိုးသားများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ကို လိင်မှုဆိုင်ရာကျန်းမာရေး ဆေးပေးခန်းများတွင် တွေ့ရှိရခြင်းဖြစ်ပါသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားနေမှုများကို လိင်တူဆက်ဆံသော အမျိုးသားများအသိုင်းအဝိုင်းတွင် ပိုမိုကြားသိနေရသည့်ဖြစ်နိုင်သော အကြောင်းရင်းတစ်ခုမှာ အဆိုပါလူအုပ်စုတွင် ရောဂါဖြစ်ပါက ကျန်းမာရေးဝန်ဆောင်မှု ရှာဖွေရယူတတ်သည့် ကောင်းမွန်သော အပြုအမူရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။
မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပွားသော အနီကွက်အဖုများသည် ရေယုန်နှင့် ကာလသားရောဂါ အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါအချို့နှင့် ဆင်တူနိုင်ပါသည်။ ထို့ကြောင့် မျောက်ကျောက်ရောဂါများကို လိင်မှုဆိုင်ရာကျန်းမာရေးဆေးခန်းများတွင် တွေ့ရှိနေကြခြင်းလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤရောဂါအကြောင်းကို ပိုမိုလေ့လာသိရှိလာမည်ဆိုလျှင် အများပြည်သူကြားတွင် ထိုရောဂါဖြစ်ပွားမှုများကို ပိုမို ဖော်ထုတ်နိုင်ဖွယ်ရှိပါသည်။
Infographic
Factsheet
Social media cards